မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်  Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနား တက်ရောက်

မကွေး မတ်  ၁၇ 

မကွေးတိုင်းဒေသကြီး၊ စားသုံးသူ‌ရေးရာဦးစီးဌာန အစည်း‌ဝေးခန်းမတွင် Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စားအုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီများမှတာဝန်ရှိသူများ၊ စားအုံးဆီဖြန့်ဖြူးသည့်ကိုယ်စားလှယ်များ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်‌တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးစီးပွား‌ရေးရာဝန်ကြီး ဦးအောင်ချိန်က စားသုံးသူပြည်သူများ စားအုန်းဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားအုန်းဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေနဲ့ တစ်လလျှင် စားအုန်းဆီ ပျမ်းမျှတန်ချိန် (၂၀၀၀) တန် ခွဲဝေရရှိလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လမှစ၍ စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီ (၁၁) ခုက သက်ဆိုင်ရာခရိုင်အလိုက် လက်ကား/ လက်လီ ကိုယ်စားလှယ် များသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးသည့် စနစ်ကိုစတင်အကောင်အထည်ဖော်ဆောင် ရွက်လျှက်ရှိပါကြောင်း၊ ယခုအခါ စားအုန်းဆီတင်သွင်းရာတွင် စားသုံးသူပြည်သူများ လက်ဝယ်အရောက် သတ်မှတ်ဈေးနှုန်းများဖြင့် သက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် ယခုအခါ Digital Platform အသုံးပြု Software စနစ်ဖြင့် ထိန်းကျောင်းကြပ်မတ်နိုင်ရေးအတွက် Software အသုံးပြုခြင်းနည်းစနစ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာခရိုင်အလိုက် သင်တန်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိတွင် Software စနစ်ဖြင့် ထိန်းကျောင်းခြင်းကို လက်ကားကိုယ်စားလှယ်များအားလုံး အသုံးပြုနေပြီဖြစ်သကဲ့သို့များမကြာမီကာလမှာ လက်လီကိုယ်စားလှယ်များမှ စားသုံးသူပြည်သူများသို့ ရောင်းချပေးမှုကို Software စနစ်ဖြင့်အသုံးပြုနိုင်ရေးကိုလည်း အမြန်ဆုံးဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ Digital Platform စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့်ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအားလုံးကို အသိအမှတ်ပြုဂုဏ်ယူပါကြောင်းနှင့် Digital Platform စနစ်ရေရှည်တည်တံ့ပြီး ပုံမှန်လည်ပတ်စေရေးအတွက်ကို တိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီ ရောင်းချပေးနေသည့် လက်ကား/ လက်လီကိုယ်စားလှယ်များမှလည်း အားလုံးပါဝင်လိုက်ပါဆောင်ရွက်ကြရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် Capital Connect Co.,Ltd မှ Chief  Technology Officer  မှတာဝန်ရှိသူတစ်ဦးက စားအုံးဆီဖြန့်ဖြူးမှုစနစ် Digital Platform ကို Video Clip ဖြင့်လည်ကောင်း၊ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက စားသုံးဆီများသယ်ယူပို့ဆောင်ဖြန့်ဖြူးရာတွင်  GPS, CCTV စနစ်များ တပ်ဆင် စောင့်ကြည့်စစ်ဆေးမှုအခြေအနေအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသည့် စားအုံးဆီဖြန့်ဖြူးသည့် ကိုယ်စားလှယ်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက စားအုံးဆီသယ်ယူပို့ဆောင်ဖြန့်ဖြူးမှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)