ဘားအံ မတ် ၁၆
ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှစ၍ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိရာ မတ် ၁၆ ရက် တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမမြောက်နေ့တွင် ကျောင်းသား၊ကျောင်းသူများစာမေးပွဲဖြေဆိုနေမှုကိုပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမမြောက်နေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ဖြေဆို နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ကရင်ပြည်နယ်အတွင်းတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၃၅၇၁ ဦးအနက် ဖြေဆိုသူ ၃၄၀၁ ဦး၊ သမိုင်းဘာသာရပ်ကိုဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းထားသူ ၂၆၉ ဦးအနက် ၂၅၅ ဦး၊ နည်းပညာအထက်တန်းကျောင်းတွင် မြေတိုင်း/လျှပ်စစ်/ဂဟေဆက်ဘာသာရပ်ကိုဖြေဆိုသူ ၅၆ ဦး၊ စက်မှု၊စိုက်ပျိုးရေး၊မွေးမြူရေးအထက်တန်းကျောင်းတွင် သီးနှံကာကွယ်ရေး၊ ရေသတ္တဝါများ/ပျားမွေးမြူရေးဘာသာရပ်ကို ဖြေဆိုသူ ၅၆ ဦး စိတ်အေးချမ်းသာစွာဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်ရှိ ဝိဇ္ဇာဘာသာရပ်(၈)ခု၊ သိပ္ပံဘာ သာရပ်(၆)ခု၊ စုစုပေါင်းသင်ကြားရေးဌာန(၁၄)ခုနှင့် အသုံးချဘာသာရပ်(၂)ခုအပါအဝင် ဘာသာပေါင်း ၁၆ ခု၏ နှစ်အလိုက်စာမေးပွဲဖြေဆိုနေမှုများကို သွားရောက်ကြည့်ရှုအားပေးရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များနှင့်တာဝန်ရှိသူများက ဘားအံတက္ကသိုလ်စာမေးပွဲကျင်းပနေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်ပရိဝုဏ် အတွင်း အလျား ပေ ၁၁၀၊ အနံ ပေ ၉၀ RCC (၂)ထပ် Recreation Center (အပန်းဖြေရိပ်သာ) တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့် တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီတို့က တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ မြေယာရှုခင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)