တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးသို့တက်ရောက်

ထားဝယ်    မတ်  ၁၆

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁ /၂၀၂၆)ကြိမ်မြောက်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးတွင် ရင်းနှီးမြှပ်နှံအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ကြောင်း၊ ယနေ့တွင် ရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ပေးရမည့်လုပ်ငန်းတစ်ခုရှိကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်ရင်းနှီးမြှပ်နှံမှုများအား အရှိန်အဟုန်မြှင့်၍ များစွာ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ လက်ထက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ခွင့်ပြုခဲ့သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊  တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အမှတ် (၁၈/OSS) ၊ ထီးခီးကျေးရွာ၊ အမြားကျေးရွာအုပ်စု၊ ထားဝယ်မြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်အပန်းဖြေစခန်းတည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသော Diamond Htee Khee Co., Ltd. က တည်ဆောက်ရေးကာလ ဒုတိယအကြိမ် ထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)