လိပ်သို မတ် ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သောဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦး တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူများကို သိမ်းသွင်းစုဆောင်းခြင်း ဖြစ်ကြောင်း၊ လူကုန်ကူးမှုပြဿနာသည် အာရှနိုင်ငံများ၌ကြီးထွား များပြားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း လူကုန်ကူးမှုများရှိနေပါကြောင်း၊ လူကုန်ကူးသူသည် သူစိမ်းဖြစ်နိုင်သလို မိတ်ဆွေသူငယ်ချင်း ဆွေမျိုးများလည်းဖြစ်နိုင်ကြောင်း၊ လူကုန်ကူးခံရမှုမှာလည်း ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် လူကုန်ကူးခံနေကြရကြောင်းနှင့် လူကုန်ကူးခံရသူများရရှိနိုင် သော ဆိုးကျိုးများအကြောင်းကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် လစဉ်အခါအားလျော်စွာ အသိပညာပေးဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း