တိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူး-အနောက်စု  ကွန်ကရစ်လမ်းဖွင့်ပွဲ တက်ရောက်

ပုသိမ်     မတ်      ၁၆

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူး-အနောက်စု ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝါးဒူး-အနောက်စု ကွန်ကရစ်လမ်းအား တာဝန်ရှိသူများ နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များကို ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါ လမ်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကန်ကြီးထောင့်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် ၂.၁၄ ဖာလုံ၊ အကျယ် ၁၂ ပေနှင့် ထု ၇ လက်မရှိကြောင်းသိရသည်။

ယခုလ(၁၄)ရက်နေ့ လ(၁၄)ရက်နေ့ ည‌နေပိုင်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟင်္သာတမြို့၊ ညောင်ပင်ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ “နိုင်”ဆီစက်သို့သွားရောက်၍ မြေပဲ၊ ပဲပုပ် ဆီကြိတ်ခွဲ ထုတ်လုပ်မှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဟင်္သာတမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ၂ဝ၂၅ -၂ဝ၂၆ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ဟင်္သာတမြို့၊ ဥယျာဉ် မြောက်ရပ်ကွက်၊ နတ်မော်လမ်း၊ အရှည် ၁၀၆၀ ပေ၊ အကျယ် ၂၀ ပေ ကတ္တရာရေပိတ်လွှာခင်းခြင်း ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ဟင်္သာတမြို့နယ်၊ ကြပ်ကလေးကျေးရွာအုပ်စု၊ ကြပ်ကလေး+ ညောင်ကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ လျှပ်စစ်မီးဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲဆိုင်းဘုတ်အားမီးခလုပ်နှိပ်ဖွင့်လှစ် ပေးကာ အမွှေးနံ့သာများ ပက်ဖြန်း ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကိုလှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)