ပန်းတောင်းမြို့နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

​ပန်းတောင်း မတ် ၁၆

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာနေရာများနှင့် ဥသျှစ်ပင်မြို့မဈေးတို့တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်သူများ၊ ဈေးသွားဈေးလာများအား အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းသန်းထွန်းနှင့် မိတ်ဖက်ဈေးတာဝန်ခံများပူပေါင်းကာ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏အခွင့်အရေးနှင့်တာဝန်များကို သိရှိနားလည်စေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကိုသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် စားသုံးသူအခွင့်အရေး (၈) ချက်၊ လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပါဝင်သည့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူနိုင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ Call Center နံပါတ်များ စသည့်အချက်အလက်များကို ပြည့်စုံစွာဖော်ပြထားကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)