မြို့သစ် မတ် ၁၆
ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးလောင်မှုမဖြစ်ပွားစေရေးနှင့်ပြည်သူများ၏ အသက်၊ အိုး၊ အိမ်၊ စည်းစိမ်ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူထားရှိပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ထုတ်ပေးသော အပေါ့စားမီးသတ်စက်(၂)လုံးနှင့် ရေပက်ပိုက်လိပ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ နွားလှကျေးရွာအုပ်စု၊ နွားလှကျေးရွာ၊ ရွာဦးဘုန်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က အပေါ့စားမီးသတ်စက်များ ထုတ်ပေးထားခြင်းဖြင့် ကျေးရွာအတွင်း မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မီးသတ်စက်(၂)လုံးနှင့် ရေပက်ပိုက်လိပ် (၁၀)လိပ်၏ တန်ဖိုးငွေမှာ ကျပ်သိန်း(၂၀၀)နီးပါးရှိပါကြောင်း၊ ရရှိသည့်စက်ပစ္စည်းများအား ရေရှည်အသုံးပြုနိုင်ရေးအတွက် ကျေးရွာတွင်းကော်မတီဖွဲ့စည်း၍ ထိန်းသိမ်းကြရန်နှင့် အကျိုးရှိစွာ အသုံးပြုကြရန်လိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေလင်းကျော်က စက်ပစ္စည်းအား ရေရှည်အသုံးပြုနိုင်ရေးအတွက် စက်ပစ္စည်းကိုင်တွယ်အသုံးပြုပုံနှင့် ရေရှည်အသုံးပြုထိန်းသိမ်းနိုင်ရေးနည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက အပေါ့စားမီးသတ်စက်(၂)လုံးနှင့် ရေပက်ပိုက်လိပ်တို့အား လွှဲပြောင်းပေးအပ်ရာ နွားလှကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် မကော်မတီဝင်များက လက်ခံရယူခဲ့ပြီး ရေစုပ်ရေပက်စမ်းသပ်ဆောင်ရွက်ခြင်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)