သံတောင်ကြီး မတ် ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဉယျာဉ်ခြံလုပ်ငန်းများကိုအဓိက လုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများသည် မိမိတို့၏ ဉယျာဉ်ခြံများအတွင်းတွင်ဆူးပုတ်ပင်များ စိုက်ပျိုးပြီး တစ်ချို့ဆူးပုတ်ပင်များမှာ သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသည်။ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန်သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များကို ဒေသခံပြည် သူများက လိုက်လံဆွတ်ခူးရောင်းရာတွင်ဈေးကောင်းရရှိကြောင်း သိရသည်။
အဆိုပါ သံတောင်ကြီးဒေသရှိ ဆူးပုတ်ပင်များသည် အခြားသောသစ်ပင်ကြီးများ ပေါ်တွင်တွယ်တက်၍ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည့်နည်းတူ၊ တစ်ချို့ဆူးပုတ်ပင်များကို ဒေသခံစိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူများက စိုက်ပျိုးလုပ်ကိုင်ကြသည်။
ဆူးပုတ်ရွက်သည် လူအများကြိုက် နှစ်သက်သည့် အသီးအရွက်များတွင် တစ်ခုအပါဝင်ဖြစ်ပြီး ပေါ်ဦးပေါ်ဖျား ဆူးပုတ်ရွက်တစ်စီးလျှင် ကျပ်(၁၅၀၀)အထိရရှိသည့်အတွက် ဒေသခံပြည်သူများ ခူးယူပြီး သံတောင်ကြီးမြို့ပေါ်တွင်သာ လိုက်လံရောင်းချကြကြောင်း သိရသည်။
နော်နော်မူ