သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တီဘီရောဂါ(အခမဲ့)စစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

သဲကုန်း မတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  တီဘီရောဂါကူးစက်ဖြစ်ပွားမှုနှုန်းလျှော့ချနိုင်ရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တီဘီရောဂါ ရှိ/မရှိ (အခမဲ့)ရှာဖွေစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က တီဘီရောဂါတိုက်ဖျက်ရေးဌာန တာဝန်ရှိသူများမှ ရပ်ကွက်(၂)၊ ကန်တော်မင်္ဂလာရပ်ကွက် ဆရာအတက်သင်(၂)လမ်းရှိ ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ပဲခူးတိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူများ၊ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ပူးပေါင်း၍ တီဘီရောဂါကူးစက်နိုင်သော နည်းလမ်းများ၊ တီဘီရောဂါလက္ခဏာများ၊ တီဘီရောဂါပိုမိုဖြစ်ပွားနိုင်သူများ၊ တီဘီရောဂါ ရှိ/မရှိ စစ်ဆေးနိုင်သော နည်းလမ်းများနှင့် ကာကွယ်နိုင်သော နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့၍ ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် မြို့နယ်အတွင်းရှိ တီဘီရောဂါသံသယရှိလူနာများအား တီဘီရောဂါရှာ​ဖွေစမ်းသပ်ခြင်း၊ ရင်ခေါင်းဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး တီဘီရောဂါနှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)