ဘားအံ မတ် ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ တိုက်ပွဲဖော်ဆောင်မှုများကြောင့် လမ်း၊ တံတား၊ အခြေခံအဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများ၊ လူနေရပ်ကွက်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ တပ်မတော်က ပြန်လည်ထိန်းချုပ်၍ နည်မြေတည်ငြိမ်အေးချမ်းမှုအားကောင်းလာသည်နှင့်အမျှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မတ်လ ၁၄ ရက်နေ့နေ့လယ်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပေါ်ရှိ (ကျုံဒိုးနှင့်ကော့ကရိတ်မြို့ကြား) အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးခြင်းကြောင့် ထိခိုက် ပျက်စီးသွားသော (၄)တိုင် ကျေးရွာ၊ ညီညာသာလင်းတံတားအပေါ် သံကူကွန်ကရစ်တံတား ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးတင်ဆောင်၊ တံတားအထူးအဖွဲ့(၁၄)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးတို့က တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားကာ တံတားပြုပြင် တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး၍ လုံခြုံရေးတာဝန်များထမ်းဆောင်နေသော နယ်မြေခံတပ်မတော်သားများအတွက် အသား၊ ငါး၊ လက်ဖက်၊ ဟင်းသီးဟင်းရွက်အစရှိသော စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပေါ်ရှိ (ကျုံဒိုးမြို့နှင့်ကော့ကရိတ်မြို့ကြား) အကြမ်းဖက်သောင်းကျန်းသူများ၏မိုင်းခွဲဖျက်စီးခြင်းကြောင့် ထိခိုက်ပျက်စီးသွားသော ငါးတိုင်တံတားအား သံကူကွန်ကရစ်တံတားအသစ်တည်ဆောက်ခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး တည်ဆောက်ရေးလုပ်ငန်းခွင်တွင် နယ်မြေခံတပ်မတော်သားများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ အဆိုပါဒေသတွင် လုံခြုံရေးတာဝန်များထမ်းဆောင်ရွက်လျက်ရှိသော နယ်မြေခံတပ်မတော်သားများအား အသား၊ ငါး၊ လက်ဖက်၊ ဟင်းသီးဟင်းရွက်အစရှိသော စားသောက်ကုန်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တံတားကျိုး(ကော့ကရိတ်) စုပေါင်းစစ်ဆေးရေးစခန်းသို့ ရောက်ရှိပြီး ကုန်စည်များပြန်လည်စီးဆင်းနိုင်ရေး၊ စစ်ဆေးရေးလုပ်ငန်းများပြန်လည် ဆောင်ရွက်နိုင်ရေး၊ ကော့ကရိတ်မြို့နှင့်ပတ်ဝန်းကျင်ဒေသ လျှပ်စစ်မီးများပြန်လည်ဖြန့်ဖြူးရေးပေးနိုင်ရေး တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့ကရိတ်မြို့၊ တပ်နယ်ခန်းမ၌ နယ်မြေခံ တပ်မတော်သား၊ မိသားစုဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး စားသောက်ကုန်ပစ္စည်းများပေးအပ်ချီးမြှင့်ကာ တပ်မတော်သား၊ မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တာဝန်ထမ်းဆောင်လျက်ရှိသော ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကော့ကရိတ်မြို့၊ အောင်ဆန်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားပြီး ဌာနဆိုင်ရာများဆွေး နွေးတင်ပြသည့်ကိစ္စရပ်များကိုသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဆန်၊ ဆီ အစရှိသော စားသုံးကုန်များကို ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)