ဖျာပုံ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ် (၉)ရပ်ကွက်၊ ဓမ္မဝိနယ ပဌမပြန်တိုက်သစ်ကျောင်းတိုက်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာအောင်ဆုနှင်း သဘင်အခမ်းအနားကို မတ်လ (၁၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါဘုန်းတော်ကြီးကျောင်းတွင်ကျင်းပသည်။
ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီးသလိပ်ကြီး ကျေးရွာ၊ မင်္ဂလာသုခကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝါသဝမထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အကြည်ညိုခံပင့်သံဃာတော် အရှင်သူမြတ်များနှင့် ဖျာပုံစာဖြေဌာန အစိုးရဓမ္မာစရိယ၊ မြန်မာစာဂုဏ်ထူးနှင့်ပါဠိပထမပြန်စာမေးပွဲများ ပြီးမြောက်အောင်မြင်ကြသည့် အရှင်သူမြတ်တို့အား (၇၇)ကြိမ်မြောက် အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်းနှင့်ဖျာပုံခရိုင်လုံးဆိုင်ရာ လေးမြို့နယ်ပရိယတ္တိနုဂ္ဂဟစာမေးပွဲတို့တွင် မြို့နယ်မှအထူးအောင်မြင်တော်မူကြသည့် ရှင်သာမဏေများ၊ အဘိဓမ္မာ (ရိုးရိုး)နှင့် အဘိဓမ္မာ ဂုဏ်ထူးဆောင် စာမေးပွဲအောင်မောင်မယ်များအား ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များကလှူဖွယ်ဝတ္ထုပပစ္စည်းများ၊ အောင်လက်မှတ်နှင့်စာအောင်ဆုများအား ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဖျာပုံမြို့အမှတ် (၉)ရပ်ကွက်၊ ဓမ္မဝိနယပဌမပြန်တိုက်သစ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသူရိယမထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြားပြီး ကောင်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)