မကွေး ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီးအတွင်း မိုးရာသီကာလ မိုးရွာသွန်မှုနည်းပါး၍ မိုးခေါင်ရေရှားဖြစ်ခဲ့ခြင်းကြောင့် ပခုက္ကူခရိုင်နှင့် မကွေးခရိုင် အတွင်းရှိ ဒေသခံများ စိုက်ပျိုးရေရရှိရေးထက် သောက်သုံးရေရရှိနိုင်မှု အခက်အခဲများ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။
ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာအုပ်စု မျောက်လူးကန်၊ ပန်းတိုင်းခြုံ၊ အရှေ့ဘုန်းကန်နှင့် ကြီးရွာ ကျေးရွာများနှင့် မကွေးခရိုင် ချောက်မြို့နယ် သြဇာတော၊ပေပင်ကုန်း၊မလွှတောင်နှင့်မကြီးကန် ကျေးရွာ များမှ ဒေသခံများ ဒီဇင်ဘာလ ကုန်အထိသာ သောက် သုံးရေ ရရှိနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ လဆန်း ပိုင်းက စတင်ကာ သောက်သုံးရေ အခက်အခဲများဖြစ်နေကြောင်း ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာ အုပ်စု ဒေသခံ ဦးအေးကိုနှင့် ချောက်မြို့နယ် သြဇာတောကျေးရွာအုပ်စုမှ ဦးမြင့်သိန်း တို့က ပြောသည်။
ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံကျေးရွာအုပ်စု ဒေသခံ ဦးအေးကိုက"ကျွန်တော်တို့ ဒေသမှာ ဒီနှစ်ဆို ရင် ဆောင်းတွင်းမှာကို စိုက်ပျိုးရေ အခက်အခဲဖြစ်တာ မဟုတ်ဘူး သောက်သုံးရေပါ အခက်အခဲဖြစ်နေ ပြီ၊ အခါတိုင်းနှစ်တွေမှာ မိုးရွာနေတော့ ကျွန်တော်တို့ ရွာတွေဘက် ကန်တွေမှာ ရေပြည့် နှစ်ပတ်လည် ရေသုံးလို့ရတယ်၊ ဒီနှစ်က မိုးခေါင်တော့ အဲ့ဒီကန်တွေ ရေမရှိတော့ သောက်ရေ ကအစ အခက်အခဲ ဖြစ် နေတာပါ၊ အခုဆောင်းတွင်းမှာကို ရေမရှိတော့ဘူး နွေဆိုရင် မီးဘေးအန္တရာယ်ပါ ကြောက်ရ တော့ ရေရရှိဖို့ ဘယ်လိုဖန်တီးကြမလဲ" ဟု ပြောသည်။
ပခုက္ကမြို့နယ် ကြီးရွာမှာ မြစ်ရေတင်စီမံကိန်းကို ၁၉၉၃ ခုနှစ်ကစပြီး ရေပေးရန် မြစ်ရေတင် စီမံကိန်း ရေမြောင်းများ စက်များရှိသော်လည်း ၂၀၂၀ နှစ်ကုန်အထိ ရေမပေးခဲ့တဲ့အတွက် သက်ဆိုင် ရာ တာဝန်ရှိသူတွေ အဆင့်ဆင့်ကို ရေပေးရန် တင်ပြတောင်းဆိုခဲ့ပါတယ်၊ ခုချိန်အထိ ရေပေးရန် အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အတွက် လက်ရှိမှာတော့ စိုက်ပျိုးရေအပြင် သောက်သုံး ရေပါ အခက်အခဲဖြစ်နေတာ ဖြစ်တယ်လို့ ဦးအေးကိုက ပြောသည်။
ချောက်မြို့နယ် သြဇာတောကျေးရွာ ဦးမြင့်သိန်းက " ဒီနှစ်က မိုးဦးကာလက မိုးခေါင်ခဲ့ပါတယ်၊ နောက်မိုးမှာ ရွာတဲ့အကြိမ်ရေ များပေမယ့် မိုးက ကွက်ကြားမိုးရွာတာများပြီး မိုးရေကမပါဘူး ကျွန်တော် တို့ ဒီနားက ရွာတွေမှာ ကန်တွေ ရေမတင်ဘူး၊ ဒီနားက မြင်းသောက်ကန်ဆည် ဆိုရင် ရေမရှိဘူး၊ သောက်သုံးရေပါ အခက်တွေ့နေတာပါ၊ ဒီဆည်က စိုက်ပျိုးရေအတွက် လုပ်ကိုမလုပ်ဘူး၊ သောက်သုံး ရေရဖို့ အဓိကထား မှီခိုရတယ်၊ ဒီနယ်ဘက်က ကန်တွေကလည်း ဒီလကုန် သုံးပြီးရင် ရေကုန်ပြီ" ဟု ပြောသည်။
သြဇာတောကျေးရွာတွင် ၁၉၈၄ ခုနှစ်က စက်ရေတွင်းရှိသော်လည်း ရေငန်ဖြစ်ခြင်းကြောင့် ပိုက်များသံ ချေးစားပြီး ရေမထွက် ရှိကြောင်း၊ အနီးအနားဝန်းကျင်ရှိ ကန်များအား ကျေးရွာ ခုနှစ်ရွာ သုံးစွဲရပြီး ယခုအခါ ရေရှားမှုဖြစ်၍ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးထံသို့ တင်ပြ တောင်းဆို ထားကြောင်း ဦးမြင့်သိန်းက ပြောသည်။
၂၀၁၉ - ၂၀၂၀ ဘတ်ဂျက်ကာလတွင် မကွေးတိုင်းဒေသကြီးအတွင်း၌ နွေရာသီတွင် ရေရှားခဲ့ သည့် ကျေးရွာပေါင်း ၆၅ ရွာကျော်ပြီး တိုင်းဒေသကြီး ကျေးလက်ဒေသဖွံးဖြိုးတိုးတက်ရေးဦးစီးဌာနမှ စာရင်းကောက်ယူထားပြီး စိမ့်စမ်းရေခမ်းခြောက်လာသည့် ဂန့်ဂေါ ဒေသ အပါအဝင် တိုင်းဒေသကြီး အတွင်း မြို့နယ်အသီးသီးက ကျေးရွာများ ပါဝင်ကြောင်း၊ ယခုနှစ်တွင် မကွေး၊ နတ်မောက်၊ မြို့သစ်၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူမြို့နယ်များမှ ကျေးရွာများ သောက်သုံးရေ ရှားပါးလာကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)