ကန်ကြီးထောင့် မတ် ၁၅
(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူး-အနောက်စုလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါလမ်းတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ ဝါးဒူး-အနောက်စုကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အား ညွှန်ကြားရေးမှူး (မြို့ပြ) မှ အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံအား ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များက ဖွင့်လှစ်ပြီးသော ကွန်ကရစ်လမ်းသစ်အား လိုက်လံကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံပြသရှင်းလင်းခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဖျောဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဝါးဒူး-အနောက်စုလမ်းသစ်သည် စုစုပေါင်းလမ်းမိုင် (၁/၄မိုင်) ရှိသည့်အနက် (၂.၁၄) ဖာလုံအား ယခုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကန်ကြီးထောင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပိုင်လမ်းစာရင်းတွင် Class A အဆင့်ရှိသောလမ်းဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း (၃ဖာလုံ) ဆောင်ရွက်ခဲ့ပြီး ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း (၂.၁၄ဖာလုံ) အားစိန်ဝင်းဧရာ Co;Ltd မှ ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ရာ အဆိုပါကွန်ကရစ်လမ်းသစ်သည်ကျေးရွာ (၁၁) ရွာ မှ အိမ်ခြေ (၅၆၄) အိမ်၊ လူဦးရေ (၂၅ဝ၆) ဦး တို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကိစ္စအဝဝအားလုံးအဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)