ငဖဲ မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည် ရေလှောင်တမံဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီ ဖူလုံစေရေးအတွက် နွေနှမ်း ၁၁၉၃ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၁၀၄၄ ဧက စိုက်ပျိုး ပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများအဆင်ပြေစွာထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် အစိုးရဆည်ရေ၊ ဆည်ငယ်ကန်ငယ်ရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးမည့် လယ်ယာမြေများသို့ စိုက်ပျိုးရေများစနစ်တကျ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်ပျိုးပြီးစီးသည့် နှမ်းမျိုးများမှာ စမုန်နက် ၃၂၈ ဧက၊ ဆင်းရတနာ-၁၂ ဧက ၃၀၀ နှင့် သိပ္ပံနှမ်းနက် ၄၁၆ ဧက စုစုပေါင်း ၁၀၄၄ ဧက စိုက်ပျိုး ပြီးစီးပြီးလျာထားချက်ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်းနှင့် နွေနှမ်းအထွက်နှုန်း ကောင်းမွန်ရန် စနစ်တကျ ရေသွင်းပေးရန်လိုအပ်ပြီး နှမ်းပင်အခြေရေမဝပ်ရန် စိမ့်ရေဖြင့် ရရှိအောင် ရေပေးမြောင်းစနစ်ဖြင့် ရေသွင်းပေးရကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် နွေသီးနှံများစိုက်ပျိုးရာသီ၌ စပါးနှင့်နှမ်းကို အဓိကထားစိုက်ပျိုးကြပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေး နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ သီးနှံများပန်းတိုင် အထွက်နှုန်းတိုးတက်ရေးအတွက် လိုအပ်သည့်စိုက်ပျိုးရေးနည်းစနစ်များ၊ တောင်သူအသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)