မြောင်းမြမြို့တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အသင်းပိုင်မူကြိုကလေးများ၏ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

မြောင်းမြ မတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဗလငါးတန်နှင့် ပြည့်ဝသော အနာဂတ်လူငယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ အသင်းပိုင်မူကြိုကလေးများ၏ ကာယ၊ ဉာဏစွန်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်ကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက​ ဒေါ်ကြည်ကြည်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို အကြီးအဆင့်နှင့် အငယ်ဆင့်သတ်မှတ်၍ ယှဥ်ပြိုင်ကြရာ ကာယစွမ်းရည်ပြိုင်ပွဲအဖြစ် အင်္ကျီကြယ်သီးတပ်၊ သံပုရာသီးဇွန်းကိုက်၊ အရောင်တူစု၊ ကွင်းပစ်စသည့် ကစားနည်းများဖြင့်လည်းကောင်း ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် ကဗျာရွတ်၊ ပုံပြောစသည်တို့ဖြင့် ယှဥ်ပြိုင်ခဲ့ကြပြီး ကလေးငယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကြီး ဒေါ်ကြည်ကြည်ထွန်းနှင့် တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိုးသူတင့် တို့ကပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသော ကလေးငယ်များနှင့် ​ပြိုင်ပွဲတွင်ဆုအများဆုံးရရှိသည့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုအသင်းဥက္ကဋ္ဌများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မူကြိုက​လေးငယ်များကို နေ့လယ်စာအဟာရများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

အောင်ဖြိုး (ပြန်/ဆက်)