ကြို့ပင်ကောက် မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၅ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့ နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သဖြင့် သင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ဗဟိုမဏ္ဍပ် ဆောက်လုပ်ရေးကိစ္စများ သင်္ကြန်ပွဲတော်အတွင်း ရေရရှိရေးကိစ္စများ စတုဒီသာကြွေးမွေးရေးကိစ္စများ သင်္ကြန်ယိမ်းအက ဆောင်ရွက်ရမည့် ကိစ္စများ သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများအား တက်ညီလက်ညီ ပူးပေါင်းဆာင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော သင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးလုပ်ငန်းကော်မတီအသီးသီးမှ ဗဟိုမဏ္ဍပ်တည်ဆောက်ရေး လုံခြုံရေး၊ ယိမ်းအဖွဲ့များဖြင့် ဖျော်ဖြေရေး၊ အခမ်း အနား ပြင်ဆင်ဆောင်ရွက်ရေးနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ကလိုအပ်သည်များကို ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)