ဓနုဖြူ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်တို့သည် မတ်လ ၁၄ ရက်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်တွင် ပါဝင်ခြင်းမရှိသော တောင်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးလွင်မှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ အစီအစဉ်တွင် ပါဝင်ခြင်းမရှိသော တောင်သူများ၏ သွင်းအားစုတန်ဖိုးငွေများ ပြန်လည်ပေးသွင်းမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းတွင် အကျုံးမဝင်သော တောင်သူများအား ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ဖြန့်ဖြူးထားရှိသော ဓာတ်မြေဩဇာဖိုးငွေများအား သတ်မှတ်ကာလအတွင်း ပြေကြေအောင် ပေးဆပ်ကြရန် လမ်းညွှန်ဆွေးနွေးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က လတ်တလော ဖြစ်ပေါ်နေသော စက်သုံးဆီခြိုးခြံချွေတာရေး ဆိုင်ရာကိစ္စရပ်များနှင့် စက်သုံးဆီ ဝယ်ယူရာတွင် ဖြစ်ပေါ်နေသော အခက်အခဲများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်စက်သုံးဆီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးမှုကြီးကြပ်ရေးဆပ်ကော်မတီ၊ မြို့နယ်စည်းကမ်းထိန်းသိမ်းရေးဆပ် ကော်မတီများမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း လမ်းညွှန်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ၏ ဓာတ်မြေဩဇာဖိုးငွေများ အချိန်မီ ပြန်လည်ပေးသွင်းရန် တင်ပြချက်များအပေါ် ဝန်ကြီးများမှ အပြန်အလှန် လမ်းညွှန်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)