စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှု

မုံရွာ မတ် ၁၄

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံတရုတ်စက်မှု လုပ်ငန်းရှင်းများအသင်းတို့မှလှူဒါန်း၍ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဈေးရုံတွင်ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံမှူးကြီး Mr.Hou Yong ၊ မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr.Liu Ming နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံမှူးကြီး Mr.Hou Yong ၊ မြန်မာနိုင်ငံတရုတ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဌ Mr.Liu Ming ၊ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်း Senior President ဦးသစ္စာ(ခ)Mr.Li Bo Bo ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် ကဗ္ဗည်းကျောက်စာအား အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးတို့က မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြပြီး အဆိုပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်ဖွင့်ပွဲ ဒုတိယပိုင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုလို ဈေးရုံသစ်ဆောက်လုပ် ပေးခဲ့သည့်အတွက် ရပ်ကွက်အနီးတွင် လာရောက်ဈေးရောင်းချသည့် အခြေခံပျံကျဈေး သည်များနှင့် ရပ်ကွက်နေပြည်သူများအနေဖြင့် ဈေးရောင်းခြင်းနှင့်ဈေးဝယ်များကို အချိန်တိုအတွင်းဆောင်ရွက်နိုင်၍ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် စရိတ်လျော့နည်းလာခြင်း၊ ကုန်စည်စီးဆင်းမှုလွယ်ကူခြင်းကြောင့် စစ်ကိုင်းမြို့နေပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးအခန်းကဏ္ဍများအား အထောက်အကူပြုပြီး ဒေသဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါ၍ မြန်မာ-တရုတ် ချစ်ကြည်ရေးဈေးရုံသစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

 ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr.Liu Ming တို့က ရွှေ မင်းဝံဈေးရုံသစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်ပက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးမှ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန် ရှိသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသသည်။

အဆိုပါ စစ်ကိုင်းမြိုု့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်သည် အလျား - ၁၀၀ ပေ၊ အနံ - ၁၀၀ ပေ ၁ ထပ်ဈေးရုံဖြစ်ပြီး ၆ ပေပတ်လည် ဈေးဆိုင်ခန်း ပေါင်း - ၁၁၂ ခန်းပါဝင်ကာ အဆိုပါဈေးခန်းများတွင် စားဖိုဆောင်သုံး ဒေသထွက် ဟင်းသီးဟင်းရွက်နှင့် သီးနှံများကို ရောင်းချသွားမည်ဖြစ်ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူများ ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်း ရှင်များအသင်း နှစ်ပတ်လည် အသင်းစုံညီတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းအနေဖြင့် DICA စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်သွားကြရန်နှင့် ယခုလိုအသင်းအဖွဲ့များသည် နိုင်ငံတော်၏အရေးကြီးသည့် အခန်းကဏ္ဍဖြစ်တာနှင့်အညီ မိမိတို့၏ပုံရိပ်အား အထိခိုက်မခံဘဲ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် နိုင်ငံတော်အကျိုး၊ မိမိအကျိုးအား အတ္တပရ မျှတစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးဝင်းခိုင်က ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၊ မဟိယင်္ဂဏ စေတီတော်မြတ်ကြီး၊ မဟာစေတီလှ စေတီတော်မြတ်ကြီးနှင့် ရတနာထွဠ်ခေါင်စေတီတော်များ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မတ်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းစက်မှုဇုန်ရှိ Motive Super Red Co.,Ltd မှ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ် အပိုပစ္စည်းအမျိုးမျိုးထုတ်လုပ်ရေးစက်ရုံအားလည်းကောင်း၊ 747 ပေါင်း ဂျူံခေါက်ဆွဲနှင့် မုန့်တီခြောက်လုပ်ငန်း စက်ရုံသို့လည်းကောင်း၊ ရွှေဆင်ကြည်ဥခေါက်ဆွဲ လုပ်ငန်း စက်ရုံသို့လည်းကောင်း သွားရောက်၍ စက်ရုံလည်ပတ်လုပ်ကိုင် ဆောင်ရွက်နေမှုများအား စက်ရုံတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသရာတိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)