မကွေးတိုင်းဒေသကြီး တိုင်းဥပဒေချုပ်ရုံးနှင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကျင်းပသည့် အမျိုးသမီးအခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပြန်ပွားရေး သင်တန်းဖွင့်ပွဲ

မကွေး မတ် ၁၃

မကွေးတိုင်းဒေသကြီး တိုင်းဥပဒေချုပ်ရုံးနှင့် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကျင်းပသည့် အမျိုးသမီးအခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပြန်ပွားရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ဥပဒေချုပ်ရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ယနေ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ ရုံးအဖွဲ့မှူး၊ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ လက်ထောက်တိုင်းဒေသကြီးဥပဒေအရာရှိများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေက အမျိုးသမီးများ၏ ဥပဒေဆိုင်ရာအသိပညာတိုးတက်ရရှိစေရန်၊ မိမိအခွင့်အရေးကိုသိရှိကာကွယ်နိုင်စေရန်၊ အကြမ်းဖက်မှုနှင့်မတရားပြုမှုများကို လျှော့နည်းစေရန်နှင့် လူမှုအသိုင်းအဝိုင်းအတွင်း တရားမျှတမှုတိုးတက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန်ပွားရေးသင်တန်းကျောင်းဖွင့်ပွဲအခမ်းအနား Video Clip အား ပြသခဲ့သည်။ အဆိုပါအမျိုးသမီးအခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပြန်ပွားရေးသင်တန်းသို့ ဌာနဆိုင်ရာအသီးသီးမှသင်တန်းသူ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)