ပုသိမ် မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ "ဂုဏဝိသိဋ္ဌပူဇာ" မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ တင်ရောက်ကြည်ညိုခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကာ ဗုဒ္ဓဂုဏ်တော်များဖြင့် သီကျူးဖွဲ့ဆိုထားသော ထူးမခြားနားသီချင်းဖြင့် ပူဇော်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်(အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ယင်းနောက် ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တကောဝိဒါဘိဝံသအရှင်သူမြတ်၏ သမ္မောဒနီယကထာနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်သော ပရိတ်တရားတော်များ နာယူကြည်ညိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် အကြည်ညိုခံ ပင့်သံဃာဆရာတော်ကြီးများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရရှိသည့် ခါတော်မှီ(ပါဠိတက္ကသိုလ်)ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တကုမာရ (ရွှေကျင်)နှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိသည့် ရွှေဟင်္သာတောရကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တကောဝိဒါဘိဝံသ(ရွှေကျင်)တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်များကို စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော်(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတမဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ စေတနာရှင်အလှူရှင်များက မြတ်စွာဘုရား အမှူးထား၍ ပင့်သံဃာဆရာတော် (၁၁)ပါး၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၃)ပါး စုစုပေါင်း (၂၄) ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)