ပုသိမ် မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကမ္ဘာ့စားသုံးသူသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “နှစ်စဉ်မတ်လ (၁၅) ရက်နေ့ကို စားသုံးသူများ၏ အခွင့်အလမ်းများအတွက် ဂရုပြုကာ အလေးထားမြှင့်တင်သည့်အနေဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲပြဌာန်းခြင်းများကို ၂၀၁၄ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၆ခုနှစ်မှ စတင်၍ နှစ်စဉ် “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” အခမ်းအနားအား ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ် ၂၀၂၆ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားအတွက် အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့(Consumer International) မှ ချမှတ်ထားသော ဆောင်ပုဒ်မှာ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ”(Safe Products, Confident Consumers)ဖြစ်ပါကြောင်း၊ ၂၀၁၄ခုနှစ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ အဆိုပါဥပဒေတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများကို ရှင်းလင်းစွာဖော်ပြရန်၊ ထုတ်ကုန်များကြောင့် စားသုံးသူများနစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရန်နှင့် အရည်အသွေးမပြည့်မီသောကုန်စည်များကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းရန်ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ စားသုံးသူများသည် မိမိတို့ဝယ်ယူမည့် ကုန်စည်များတွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသားများကို သေချာစွာဖတ်ရှုစစ်ဆေးသည့် အလေ့အကျင့်ကို မွေးမြူရမည်ဖြစ်ပါကြောင်း၊ ဘေးကင်းစိတ်ချရသောထုတ်ကုန်များ များပြားလာသည်နှင့်အမျှ နိုင်ငံ၏ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အထိမ်းအမှတ်ဗီဒီယိုပြသမှု၊ တေးသီချင်းများဖြင့်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)