လွိုင်ကော် ဇန်နဝါရီ ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့ရှိ ဘာသာရေးအဆောက်အဦးများ၊ ကွန်ကရစ်လမ်းနှင့် ခန်းမဆောင်တို့ ဆောက်လုပ် နိုင်ရန် အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်ခေတ္တဝန်ကြီးချုပ် ရုံးခန်း၌ ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဖားဆောင်းမြို့နယ် ခဲမဖြူကျေးရွာ နှစ်ခြင်းအသင်းတော်၏ ဘာသာရေးခန်းမဆောင် မွမ်းမံရန်အတွက် ထောက်ပံ့အလှူငွေ ကျပ်သိန်း(၂၀) ၊ ဘူးလိုဘာကျေးရွာ ဘုရားကျောင်းအဝင်လမ်း ကွန်ကရစ်ခင်းရန်အတွက် ထောက်ပံ့အလှူငွေကျပ်သိန်း (၂၀)၊ မော်ချီးအောက်ရွာ ကိုယ်ထူကိုယ်ထ ခန်းမဆောင် ပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၂၀) ၊ ဝမ်အောင်းကယားကျေးရွာ တည်ဆောင်ဆဲ ဘုန်းကြီးကျောင်းဆောင်သစ် ပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့အလှူငွေကျပ်သိန်း(၂၀) နှင့် နန်းကစ်ကျေးရွာ ဘုရားရှစ်ခိုး ကျောင်းဆောင် ပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့အလှူငွေကျပ်သိန်း(၂၀)၊ စုစုပေါင်း ငွေကျပ်သိန်း(၁၀၀)ကို ကယားပြည်နယ် ခေတ္တ ဝန်ကြီးချုပ် ဦးဘော့စ်ကိုနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေတို့က ပေးအပ်ရာ ဖားဆောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက လက်ခံရယူခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)