တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် အမျိုးသား(အလွတ်တန်း)ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

ပုသိမ် မတ် ၁၃

၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အမျိုးသား (အလွတ်တန်း)ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းဖူဆယ်အားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊  အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် X-SOLOအသင်းနှင့် Tiger Power အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ အကောင်းဆုံးအားကစားသမားဆုရရှိသည့် ကစားသမားကို  ဆုတံဆိပ်နှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် Tiger Power အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် X-SOLOအသင်းအား တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆုနှင့်ဆုဖလားတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့်  ဧရာဝတီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၆)သို့တက်ရောက်ခဲ့ပြီး “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ဆုံးဖြတ်ပေးရမည့်ကိစ္စများ၊ ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီသို့ဆက်လက်တင်ပြ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းကိစ္စများနှင့်ပတ်သက်၍ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီစီမံခန့်ခွဲရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ကော်မတီဝင်များကလည်းသုံးသပ်တင်ပြရန်နှင့် လိုအပ်သည်များကိုဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရန် လျောက်ထားခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးသို့တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)