ထားဝယ် မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စုတွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများတည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစီမံကိန်းအတွက် Swiss Challenge တင်ဒါဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြိတ်မြို့တွင် လုပ်ကိုင်ဆောင်ရွက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်နိုင်ရန်အတွက်ကို Swiss Challenge ဖွင့်ပွဲအခမ်းအနားဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်အနေဖြင့် တိုင်းဒေသကြီးတွင် ငါးဖမ်းသည့် လှေများ၊ စက်လှေပိုင်ရှင်များ၊ ငါးဖမ်းသည့် ပင်လယ်ပြင်များနှင့် ငါးများပေါကြွယ်ဝစွာရှိပြီး ဖမ်းယူ၍ရကြောင်း၊ ငါးများဖမ်းယူပြီးနောက် ရပိုင်ခွင့်အပြည့်အဝမရရှိဘဲ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချနေရသဖြင့် ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ငါးဖမ်းသက်သက်ဖြစ်နေသောကြောင့် ငါးလေလံဈေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငါးလေလံဈေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကောင်းဆုံးဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိဒေသမှထွက်ရှိသော ငါးများ၊ ငါးလေလံဈေးမှရရှိမည့် အကျိုးကျေးဇူးများ၊ စက်မှုလက်မှုအသေးစားလုပ်ငန်းများကို မိမိဒေသအကျိုးအတွက်ဖြစ်စေကြောင်း၊ ငါးရောင်းရသည့် ဈေးနှုန်းများကိုလည်း သတ်မှတ်သည့်ဈေးနှုန်းရရှိရေးလုပ်ကိုင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ငါးလေလံဈေးဖြစ်မြောက် အောင်မြင်အောင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့်ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများတည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးစီမံကိန်း Swiss Chanllenge တင်ဒါနှင့်ပတ်သက်၍ စနစ်တကျဖြစ်အောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ မြိတ်မြို့သို့ရောက်ရှိစဉ် အပြည်ပြည်ဆိုင်ရာငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့် ဆက်စပ်အဆောက်အဦများတည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစီမံကိန်းနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး Swiss Challenge တင်ဒါကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးက Swiss Challenge စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး UnSolicited Proposal Guide Line တွင် ပါဝင်သောအချက်များအား ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ငါးလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦများ တည်ဆောက်၍ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစီမံကိန်းအတွက် Swiss Challenge တင်ဒါအား ဖွင့်ဖောက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)