ကယားပြည်နယ်ဝန်ကြီးချုပ် နေရပ်စွန့်ခွာဝန်ထမ်းများ၊ မိသားစုများနှင့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားနှင့် ပညာရေးဒီဂရီကောလိပ်သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

 

လွိုင်ကော် မတ် ၁၃

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအတွက် ၂၀၂၅ ခုနှစ်၊ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလစာထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၁၁ ရက် မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယာယီနေရပ်စွန့်ခွာခဲ့ကြရသည့် ပြည်သူများအတွက် ဆန်၊ ဆီ စသည့် အခြေခံရိက္ခာများ ဝယ်ယူနိုင်ရန်နှင့် ကျန်းမာရေး၊ လူမှုရေးဆိုင်ရာလိုအပ်ချက်များ ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက လွှဲပြောင်းပေးအပ်သည့် ချီးမြှင့်ငွေများကို ပဉ္စမအကြိမ်မြောက် လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှသာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများအားလုံး လုံခြုံစိတ်ချရသည့် လူ့ဘောင်အသိုက်အဝန်းတွင် စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်၍ ပြည်နယ်အတွင်း ဒေသနေတိုင်းရင်းသားပြည်သူများအနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ဒေသနေပြည်သူများအတွက် ၂၀၂၅ ခုနှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ကိုယ်စားလှယ်များက အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် နေရပ်စွန့်ခွာပြည်သူများကိုယ်စားပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ပဉ္စမအကြိမ်မြောက် လွှဲပြောင်းပေးအပ်သည့် ရန်ပုံငွေကျပ် ၉၆၂ ဒဿမ ၅၂၀ သန်းကို အိမ်ထောင်စု (၅၄၇၁)စု၊ လူဦးရေ(၁၆၀၄၂)ဦးထံ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို   ကျောင်းသား/ကျောင်းသူများကမြကျွန်းညိုညို တက္ကသိုလ်သီချင်းဖြင့် အဖွင့်သီဆို ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားရာ၌ နိုင်ငံတော်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွင် ပညာရေးကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယနေ့ခေတ်တွင် ပညာဖြင့် လူမှုအသိုက်အဝန်းကို ဖော်ဆောင်လျက်ရှိပါကြောင်း၊နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့ဆောင်ပုဒ်နှင့်အညီ ဆရာ၊ ဆရာမများအနေဖြင့် မျိုးဆက်သစ်လူငယ်မောင်မယ်များအား စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့်စာရိတ္တမြင့်မားသည့် လူတော်၊ လူကောင်းများဖြစ်လာအောင် ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ကြမည်ဖြစ်၍  နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မိမိတိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးပြုနိုင်သည့် ဆရာကောင်းဆရာမွန်များဖြစ်အောင် ပြုမူကျင့်ကြံနေထိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပနိုင်ရေးအတွက်  ချီးမြှင့်ငွေများပေးအပ်ရာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ပထမဆုရရှိသည့် ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များက လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ရာ ဆုရကျောင်းသား၊ ကျောင်းသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာတင်မေထွေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် ကျောင်းသားကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ရက်တွင် မြန်မာနိုင်ငံ၏ (၂၂) ခုမြောက် ပညာရေးကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ ဆရာ၊ ဆရာမ (၆၄၃၃)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ယနေ့အခမ်းအနား၌ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ (၁၂၁) ဦးဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)