တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်မြို့နယ်၊ ထိန်သစ်ရပ်ကွက်၊ နေလင်းရောင်စာကြည့်တိုက် အဆောက်အဦအသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ်  မတ် ၁၂

နိုင်ငံတော်အစိုးရက ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် လှူဒါန်းငွေနှင့်စာအုပ်စာစောင်များကူညီဆောင်ရွက်ပေးလျက်ရှိပြီး စေတနာရှင်အလှူရှင်များသည်လည်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထိန်သစ်ရပ်ကွက်၊ နေလင်းရောင်စာကြည့်တိုက် အဆောက်အဦအသစ်ဖွင့်ပွဲအခမ်းအနားကိုအတီး အမှုတ်အကအခုန်များဖြင့်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်ဖွင့်လှစ် သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်တို့က နေလင်းရောင်စာကြည့်တိုက် အဆောက်အဦအသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စေတနာရှင်၊ အလှူရှင်များကလှူဒါန်းခဲ့သည့် အလှူငွေများထဲက တိုင်းဒေသကြီးအတွင်းစာကြည့်တိုက်အဆောက်အဦ အသစ်(၃)တိုက်ကို ဖွင့်လှစ်ပေးခဲ့ပြီး ယခုနေလင်းရောင်စာကြည့်တိုက်သည် (၄)တိုက်မြောက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူမှုဘဝ နေထိုင်မှုပုံစံများပြောင်းလဲလာသည့် အလျောက်စာဖတ်သည့်အလေ့အထများ နည်းပါးလာခြင်းသည် အဓိကကျသောအချက်တစ်ခုဖြစ်ကြောင်း၊ ပြည်သူများစာပေဖတ်ရှုခြင်းအလေ့အထရှိပြီး အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ်ရှာဖွေလေ့လာနိုင်မှသာ လူတစ်ဦးချင်းမှသည်တိုင်းပြည်အတွက် အကျိုးများနိုင်သလိုစွမ်းဆောင်မှုများကိုလည်းပေးနိုင်သည်ဖြစ်၍ စာဖတ်နိုင်သောပတ်ဝန်းကျင်နှင့် စာဖတ်သည့်အလေ့အထများတိုးပွားလာအောင် စာကြည့်တိုက်အသစ်များကို တည်ဆောက်ပေးနေခြင်းဖြစ်ကြောင်း၊ သုတစာပေသည်အသိပညာဗဟုသုတကိုတိုးပွားစေသည့် စာပေမျိုးဖြစ်ပြီးအသိအမြင်အတွေးအခေါ်တို့ကို ကျယ်ပြန့်စေပြီး စာပေမှရရှိသည့်ဘဝအတွေ့အကြုံများကြောင့် ပိုမိုရင့်ကျက်သူဖြစ်စေကြောင်း၊ သုတဖြစ်စေ ရသဖြစ်စေစာကောင်းပေမွန်များကို ငယ်စဉ်ကာလပင် စွဲစွဲမြဲမြဲဖတ်ရှုသည့်အလေ့အထရှိကြရန်လိုအပ်ကြောင်း၊ ကလေး သူငယ် လူငယ်လူရွယ်များ အရွယ်အလိုက်စာပေကိုဖတ်ရှုကြရန် ပျိုးထောင်ပေးကြရန်လိုအပ်ကြောင်း၊ စာကြည့်တိုက်များတည်တံ့ရန် တိုးတက်လာရန်အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စာကြည့်တိုက်များစွာပေါ်ပေါက်လာပြီး စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားလာသည်နှင့်အမျှ ဒေသဖွံဖြိုးတိုးတက်ရန် သာယာသောလူ့ပတ်ဝန်းကျင်ဖြစ်လာရေးအကူအညီဖြစ်ကြောင်း၊ ပညာဘဏ်တိုက်စာကြည့်တိုက်ဖြစ်ရန် ယခုလိုလူအားငွေအားနှင့် စာကြည့်တိုက်များဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်နေခြင်းသည် ပြည်သူများအတွက်ပဲဖြစ်ကြောင်း၊  ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်လာအောင်အုပ်ချုပ်ရေးအဖွဲ့များ၊ စာကြည့်တိုက်ကော်မတီဝင်များ၊ ပြည်သူများဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စာတတ်သူတိုင်းစာများများဖတ်ရှုလျှင် စိတ်ကူးများဖန်တီးနိုင်စွမ်းတိုးတက်စေပြီး အသိပညာဗဟုသုတကျယ်ပြန့်လာစေကာ မှတ်ဉာဏ်မြင့်မားလာပြီး စိတ်ဖိစီးမှုကိုလျော့ချနိုင်သည့်  များပြားလှသောအကျိုးကျေးဇူးများကိုရရှိမှာဖြစ်သောကြောင့် စာဖတ်ကြရန်လိုအပ်ကြောင်းပြောကြားပြီးတီးခတ် ကပြဖျော်ဖြေပေးသော အဖွဲ့များအားဂုဏ်ပြုဆုငွေချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန တိုင်းဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက စာကြည့်တိုက်အဆောက်အဦနှင့်ပတ်သက်သည့် အချက်အလက်များအားလည်းကောင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်းတို့က စာကြည့်တိုက်အတွက် စာအုပ်စာစောင်များအားလည်းကောင်းပေးအပ်လှူဒါန်းရာ ထိန်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)