ကော့သောင်း မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များနှင့် စိုက်ပျိုး၊ မွေးမြူရေးနှင့် ကဏ္ဍအလိုက် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးတာဝန်ရှိသူများ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက မိမိတို့ဒေသအေးချမ်းသာယာရေးနှင့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်း၍ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ စိတ်အေးချမ်းသာစွာ သွားလာရေးအဆင်ပြေလွယ်ကူစေရန်၊ လုံခြုံရေးကောင်းမွန်ရေးနှင့် အခက်အခဲများအား ဝိုင်းဝန်းပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် အားထားရမည့် အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်ကြသည့် ကျောင်းသား/သူ၊ လူငယ်များအား အကောင်း၊ အဆိုး၊ အမှား၊ အမှန်ခွဲခြားနိုင်ပြီး ဆင်ခြင်တုံတရားရှိသည့် ပညာတတ်များဖြစ်လာစေရေးအတွက် မိဘ၊ ဆရာများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုကျင်းပပြုလုပ်လျက်ရှိသော တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်နှင့်အညီ ပြုမူနေထိုင်ကြရန်လိုကြောင်း၊ ဒေသတွင်း အခြေခံစားသောက်ကုန်ဖူလုံနိုင်စေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ပညာရေးသည် အဓိကအရေးကြီးအခန်းကဏ္ဍတွင်ပါဝင်၍ ဆင်းရဲနွမ်းပါးသူများနှင့် အခြေခံလူတန်းစားများအား အတန်းအဆက်မပြတ် တက်ရောက်ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ/ဌာနအဖွဲ့အစည်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာ၌ အဂတိကင်းရှင်းစွာဆောင်ရွက်၍ မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ရန်လိုကြောင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ ရပ်ရွာတိုးတက်ရေးနှင့် ပြည်သူအကျိုးဆောင်ရွက်ရန် တာဝန်၊ ဝတ္တရားများသိရှိပြီး ဥပဒေ၊ နည်းဥပဒေများ နားလည်၍ လမ်းညွှန်မှာကြားချက်များ၊ ဥပဒေများနှင့်အညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း စည်းလုံးချစ်ခင်စွာဖြင့် ညွှန်ကြားချက်များ တိကျလိုက်နာ၍ လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ယင်းနောက် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)