ပခုက္ကူ မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှန်းလဲ့လဲ့ဝေက ငလျင်ဘေးအန္တရာယ် ဆိုင်ရာဆောင်ရန်/ရှောင်ရန်အချက်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ်များအလိုက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကြက်ခြေနီအသင်းမှ ဦးဇင်နိုင်ဦးက ထိခိုက်ဒဏ်ရာရခြင်း၊ သတ္တဝါများမှ အကိုက်ခံရခြင်း၊ အပူလောင်ခြင်း၊ အဆိပ်မိခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်းများဆိုင်ရာ အခြေခံရှေးဦးပြုစုနည်းနှင့် အသက်ကယ်နည်းများအကြောင်းတို့ကို အသိပညာပေးဟောပြောကြရာ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်နိုင်နိုင်အေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ သူနာပြုနှင့်သွားဖွားသင်တန်းကျောင်း မှ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်အမျိုးအစားအလိုက် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)