ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စတင်ဖြေဆိုလျက်ရှိ

ဂန့်ဂေါ မတ် ၁၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြန်မာစာဘာသာရပ်ကိုဖြေဆိုလျက်ရှိရာ မြို့နယ်အတွင်းဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၃)ခုတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိသည်။         

ဂန့်ဂေါမြို့နယ်တွင် စာစစ်ဌာန(၃)ခုရှိပြီး မြို့ပေါ်တွင် အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)စာစစ်ဌာနတွင်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား(၃၈)ဦး၊ ကျောင်းသူ(၇၃)ဦးစုစုပေါင်း (၁၁၁)ဦးရှိပြီး ဖြေဆိုသူကျောင်းသား/ကျောင်းသူ(၁၁၀)ဦး၊ ပျက်ကွက်(၁)ဦးရှိရာ ဖြေဆိုမှု(၉၉.၁၀)ရာခိုင်နှုန်းရှိကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ကျော) စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား(၇)ဦး၊ ကျောင်းသူ(၂၄)ဦး စုစုပေါင်း(၃၁) ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၇)ဦး၊ ပျက်ကွက်(၄)ဦးရှိရာ ဖြေဆိုမှု(၈၇.၁၀)ရာခိုင်နှုန်းရှိကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ဟံသာဝတီ) စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား(၆၅)ဦး၊ ကျောင်းသူ(၈၇)ဦး စုစုပေါင်း(၁၅၂)ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၁၄၉)ဦး၊ ပျက်ကွက်(၃)ဦးရှိရာ ဖြေဆိုမှု(၉၈.၀၃)ရာခိုင်နှုန်းရှိကြောင်းနှင့် ဂန့်ဂေါမြို့နယ်အနေဖြင့်  ဖြေဆိုရန်စာရင်းပေးသွင်းထားသည့် ကျောင်းသား(၁၁၀)ဦး၊ ကျောင်းသူ(၁၈၄)ဦးရှိပြီး ဖြေဆိုသူကျောင်းသား(၁၀၈)ဦး၊ ကျောင်းသူ(၁၇၈)ဦး၊ စုစုပေါင်းဖြေဆိုသူ(၂၈၆)ဦးရှိကာ ပျက်ကွက်သူ ကျောင်းသား(၂)ဦး၊ ကျောင်းသူ(၆)ဦး ပေါင်း(၈)ဦးရှိ၍ ဖြေဆိုမှုအနေဖြင့် (၉၇.၂၈)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြေဆိုနိုင်ရေးအတွက် အတွင်းစည်း/အပြင်စည်းများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း ဦးဆောင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ခံ ခရိုင်ပညာရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်မိုးဟန်နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ မြို့နယ်ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာစစ်ဌာနအနီးပတ်ဝန်းကျင်၌ ဆူညံသံများနှင့် အနှောင့်အယှက်များ မရှိစေရေး အတွက် ကြီးကြပ်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မောင်မျိုးမင်း