ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်လေးပင် မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သုသုအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး ဦးအောင်ကျော်မိုးမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ရွှန်းလဲ့ဝေမှ အမျိုးသမီးများအတွက် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မျိုးမျိုးခိုင်မှ အမျိုးသား၊ အမျိုးသမီးများနှင့် သက်ဆိုင်သော မျိုးဆက်ပွားခြင်းကျန်းမာရေးအကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ မူလတန်းနှင့် အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးတို့မှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး၊ မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)