ကော့သောင်းမြို့တွင် ၁၃၈၆ခု (၂၀၂၅)ခုနှစ်၊အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုချီးမြှင့်

ကော့သောင်း မတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ၁၃၈၆ ခု (၂၀၂၅)ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ကော့သောင်းစာဖြေဌာနမှ အောင်မြင်တော်မူကြသည့် ရဟန်း၊သာမဏေများအားစာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ကော့သောင်းမြို့ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပသည်။

အခမ်းအနားတက်ရောက်လာသူများက ကော့သောင်းမြို့ ရွှေပြည်သာကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပါမောက္ခအရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်ချီးမြှင့်ခဲ့ပြီး တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခဲ့ကြသည်။ ယင်း‌နောက် စစ်ဗျူဟာအဖွဲ့(အခြေချ)(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၁၃၈၆ ခု (၂၀၂၅)ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသည့် စာအောင်ရဟန်း၊ သာမဏေ ပထမငယ်တန်း(၁)ပါး၊ ပထမလတ်တန်း(၂)ပါး၊ အခြေပြုမူလတန်း(၅)ပါးတို့အား အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်ကြသည်။

ယင်းနောက် ကော့သောင်းမြို့ ရွှေပြည်သာကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပါမောက္ခ အရှင်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှ‌ပေးဝေခဲ့ပြီး  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)