ထားဝယ် မတ် ၁၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအားစာအောင်ဆုနှင်းသဘင်အခမ်းအနားကိုယနေ့ညနေ၃နာရီက ထားဝယ်မြို့သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ဦးစွာပင့်သံဃာတော်ဆရာတော်ကြီးများနှင့် ဓမ္မာစရိယ၊ ပထမကြီးတန်း၊ပထမလတ်တန်း၊ စာအောင်ရဟန်း၊ သာမဏေတို့အား သာသနာရေးဆိုင်ရာအခမ်းအနားဖြင့် ပင့်ဆောင်သည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော ဖိတ်ကြားထားသောဧည့်သည်တော်များက ထားဝယ်မြို့ ဃောသိတာရာမပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ဘဒ္ဒန္တ ပညာသာမိ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ကြသည်။
ထို့နောက်ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တော်များ နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားကာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများအားတာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ထားဝယ်စာဖြေဌာနမှအောင်မြင်တော်မူသည့် ဓမ္မာစရိယ(ကျမ်းပြီး) ၂ ပါး၊ ပထမကြီးတန်း ၂ ပါး၊ ပထမလတ်တန်း ၂ ပါး၊ ပထမငယ်တန်း ၈ ပါး၊ အခြေပြု မူလတန်း ၂၉ ပါး၊ အဘိဓမ္မာအထူးအောင် ၂ ဦး တို့အား အောင်လက်မှတ်၊ စာအောင်ဆုနှင့်အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ၊တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်လှူဒါန်းပြီး ထားဝယ်မြို့ ဇေယျဝတီကျောင်းတိုက်၊ တိုင်းဒေသကြီးသံဃာနာယကအဖွဲ့(ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသဆရာတော်ကြီးထံမှလှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းလောင်း အမျှပေးဝေသည်။
ယင်းနောက် တက်ရောက်လာကြသောဧည့်သည်တော်များကဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေဓမ္မတေးဖြင့် သီဆိုပူဇော်၍ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
အလားတူပင် မြိတ်စာဖြေဌာန မှအောင်မြင်တော်မူသည့် ဓမ္မာစရိယ(ကျမ်းပြီး) ၂ ပါး၊ ပထမကြီးတန်း၂ ပါး၊ ပထမငယ်တန်း ၂၄ ပါး၊ အခြေပြု မူလတန်း ၃၇ ပါးနှင့် အဘိဓမ္မာအထူးအောင် လူပုဂ္ဂိုလ် ၁ ဦး၊ ဂုဏ်ထူးဆောင် အထူးအောင် လူပုဂ္ဂိုလ် ၁ ဦး၊ ပုလောစာဖြေဌာနမှ ဝိသုဒ္ဓိမဂ် အထူးအောင် လူပုဂ္ဂိုလ် ၂ ဦး၊စုစုပေါင်း ၁၆၂ ပါး/ဦးတို့အား လည်းကောင်း၊ ကော့သောင်းစာဖြေဌာနမှ အောင်မြင်တော်မူသည့် ပထမလတ်တန်း ၂ ပါး၊ ပထမငယ်တန်း ၁ ပါး၊ အခြေပြု မူလတန်း ၅ ပါး စုစုပေါင်း ၈ ပါး တို့အားလည်းကောင်း၊ အောင်လက်မှတ်နှင့် စာအောင်ဆု အလှူငွေများ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)