မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သည့် စာအောင် သံဃာတော်များ၊ သီလရှင်များအား စာအောင်ဆုနှင်း

မြိတ်   မတ်    ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင်လေးကျွန်းဆီမီးစေတီတော်၌ (၂၀၂၅)ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် မြိတ်စာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များ၊ သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုနဝကမ္မ ဆက်ကပ်လှူဒါန်းခြင်း စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မတ်(၁၀)ရက် မွန်းလွဲပိုင်းက ဗုဒ္ဓသာသနာ့ဗိမာန်တွင်ကျင်းပသည်။

စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ဆရာတော် သံဃာတော် အရှင်မြတ်များ အမှူးပြု၍ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်၊ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့် ဧည့်ပရိသတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် စာချဆရာတော်များအားလှူဖွယ်ဝတ္တုပစ္စည်းများကို တိုင်းမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၌ မြိတ်စာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်နှင့် သီလရှင်(၆၅)ပါးအား စာအောင်လက်မှတ်နှင့် စာအောင်ဆုနဝကမ္မများကို တာဝန်ရှိသူများက  ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တိုင်းဒေသကြီး သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာရဒ မော်တောင်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဘုရားအမှူးရှိသော သံဃာတော်များနှင့် သီလရှင်များ၊ စုစုပေါင်း(၇၄)ပါး တို့အား တိုင်းမှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက သာသနာ့ဗိမာန်မှ စေတီတော်ရင်ပြင်ပတ်လည်တို့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြသည်။

(၂၀၂၅)ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် မြိတ်စာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့ကြ သည့် စာအောင် သံဃာတော်များနှင့် သီလရှင်များမှာ ဓမ္မာစရိယတန်းတွင်(၂)ပါး၊ ပထမကြီးတန်းတွင်(၂)ပါး၊ ပထမငယ်တန်းတွင်(၂၄)ပါး၊ အခြေပြုမူလတန်းတွင်(၃၇)ပါးနှင့် အခြေပြုမူလတန်းတွင် လူပုဂ္ဂိုလ်(၁)ဦးတို့ဖြစ်ကြ ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )