လွိုင်ကော် မတ် ၁၀
၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အကြိုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပသည်။ ဦးစွာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်းသားသင်တန်းသူများက “စောင့်ရှောက်ဝိုင်းကူ စားသုံးသူ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးက မတ်လ (၁၅) ရက်ကို ကမ္ဘာတစ်ဝန်းလုံးတွင် စားသုံးသူများ၏ အခွင့်အရေးများကို အသိပညာ မြှင့်တင်ရန်၊ ကာကွယ်စောင့်ရှောက်ရန်နှင့် တရားမျှတသော ဈေးကွက်စနစ်တည်ဆောက်နိုင်ရန် ရည်ရွယ် ကျင်းပလျက်ရှိကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့သည် တစ်ကမ္ဘာလုံးရှိ စားသုံးသူများ၏ အခွင့်အရေးကို အသိအမှတ်ပြုသည့် နေ့ဖြစ်သလို ပြည်နယ်အတွင်းရှိ မိဘပြည်သူများ၏ နေ့စဉ်လူမှုဘဝ လုံခြုံစိတ်ချရန်အတွက် အရေးကြီးသည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များနှင့် မိဘပြည်သူများကို အထူးတိုက်တွန်းလိုသည်မှာ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် မိမိတို့၏ ထုတ်ကုန်များအပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ထားရှိရန်၊ အမြတ်အစွန်းထက် လူသားတို့၏ ဘေးကင်းလုံခြုံမှုကို ရှေ့တန်းတင်ရန်နှင့် စားသုံးသူမိဘပြည်သူများအနေနှင့်လည်း မိမိတို့ဝယ်ယူသည့် ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသား ပါဝင်မှု၊ သက်တမ်းကုန်ဆုံးရက်နှင့် အသုံးပြုပုံညွှန်ကြားချက်တို့ကို သတိပြုကြည့်ရှုရန်နှင့် နစ်နာမှုတစ်စုံတစ်ရာရှိလာပါက မိမိတို့၏ အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့တောင်းဆိုနိုင်ရန် တိုက်တွန်းလို ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသားသင်တန်းသူများက “ဦးစားပေးမူ စားသုံးသူ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား အတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက လက်ခံရယူပြီး သီဆိုဖျော်ဖြေသည့်အဖွဲ့များအား ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနား တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနား ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် ကယားပြည်နယ်လွိုင်ကော်မြို့၌ ယမန်နေ့နံနက်က မြေစိုက်ပိုစတာစိုက်ထူခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် စတစ်ကာများ ဖြန့်ဝေခြင်းကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးနှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် စိုက်ထူထားသည့် “ထုတ်ကုန် ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကာ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များတွင်လည်း အထိမ်းအမှတ်စတစ်ကာများ ကပ်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)