ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နွေရာသီလူငယ်ရေးရာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာသင်တန်းများ ဖွင့်ပွဲတက်ရောက်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး

စစ်တွေ   မတ်  ၁

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂ ခုနှစ် နွေရာသီလူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများဖွင့်ပွဲအခမ်းအနားကို နေ့နံနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမရှေ့၌ ကျင်းပသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က နွေရာသီလူငယ်ရေးရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဦးဥတ္တမခန်းမအတွင်း၌ ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် နှစ်စဉ်နှစ်တိုင်း နွေရာသီအချိန်ကာလတွင် လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့ပြည်နယ်တွင်လည်း နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်မည့်သင်တန်းများတွင် လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အားကစားသင်တန်း၊ ရှေ့ဦးသူနာပြုသင်တန်း၊ AI နည်းပညာသင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းများဖွင့်လှစ် သင်ကြားရသည့် ရည်ရွယ်ချက်များသည် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့် ပြည့်ဝလာစေရန်၊ ကျောင်းပိတ်ရက် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် နောင်တစ်ခေတ်တွင် ထူးချွန်ထက်မြက်သော လူချွန်လူကောင်းများပေါ်ထွန်းလာစေရန်စသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ နွေရာသီသင်တန်းများကို တက်ရောက်သင်ကြားကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့သင်ကြားမည့် အားကစား၊ အခြေခံရှေးဦး ပြုစုခြင်းသင်တန်း၊ AI နည်းပညာအခြေခံသင်တန်းများကို စနစ်တကျသိရှိနားလည် တတ်ကျွမ်းအောင်သင်ယူကြပြီး မိမိမြို့နယ်၊ မိမိခရိုင်၊ မိမိပြည်နယ်အတွက် အားကိုးအားထားပြုနိုင်မည့် လူတော်လူကောင်းများ ဖြစ်လာအောင်ကြိုးစားကြရန် မှာကြားလိုကြောင်း၊ ယခုဖွင့်လှစ်သော သင်တန်းများသည် သူ့နေရာနှင့်သူအရေးပါသကဲ့ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုကြောင်း၊ ထို့ကြောင့် အားလပ်သည့်အချိန်တွင် မိမိတို့၏ ပင်ကိုယ်အရည်အသွေးကိုမြှင့်တင်သည့်လုပ်ငန်းများကို ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းနှင့် ယခုသင်ကြားသင်ယူမည့် ပညာရပ်များကို ကြိုးစားသင်ယူပြီး အနာဂတ်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်အောင် ကြိုးစားနေထိုင်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီလူငယ်ရေးရာ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာသင်တန်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ပြီး အားကစားသင်တန်းသူများက Fitness Dances ဖြင့်ကပြဖျော်ဖြေကြသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ စစ်တွေမြို့ပေါ်တွင် ၂၀၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးမည့် စာစစ်ဌာနများအား လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန် စာသင်ခန်းများအား စနစ်တကျစီစဉ်ဆောင်ရွက်ထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂) အခြေခံပညာမူလအထက်တန်း ကျောင်း စာစစ်ဌာနသို့လည်းကောင်း၊  အမှတ်(၆) အခြေခံပညာမူလအထက်တန်းကျောင်း စာစစ်ဌာနသို့လည်းကောင်း သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန် စာသင်ခန်းများအား စနစ်တကျစီစဉ်ဆောင်ရွက်ထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲသည် အရေးကြီးသည့် စာမေးပွဲကြီးတစ်ခုဖြစ်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ အနှောက်အယှက်ကင်းကင်းဖြင့် စိတ်အေးချမ်းသာစွာ၊ လုံခြုံမှုရှိစွာ စာမေးပွဲဖြေဆိုနိုင်ရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်းမှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)၊  ဓာတ်ပုံ- ဝင်းမင်းစိုး