ဘားအံ မတ် ၁၀
နွေရာသီကျောင်းအားလပ်ရက်များတွင်ကျောင်းသား၊ ကျောင်းသူများအချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ကျောင်းသူ ၁၄၀ ဖြင့် မတ် ၁၀ ရက် နံနက်ပိုင်းက အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်းတို့ကိုဖွင့်လှစ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများတက်ရောက်အားပေးချီးမြှင့်သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်တန်းများမှသင်ကြားပို့ချပေးမည့် ပညာရပ်များသည် လူငယ်လူရွယ်များအတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်ပြီး အခြေခံတတ်မြောက်ခြင်းမှသည် ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်သည်အထိ လေ့လာမှတ်သားကြစေလိုပြီး ပညာရေးနယ်ပယ်၊ လုပ်ငန်းခွင်နယ်ပယ်များတွင် အထိုက်အလျောက်အထောက်အကူပြုနိုင်သည့်အတွက်ကြောင့် ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီသင်တန်းများအတွက် ငွေကျပ် ၆၁၉၄၀၀ဝ ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးထံ ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သက်ဆိုင်ရာသင်တန်းခန်းမများတွင် သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ စာတွေ့လက်တွေ့သင်တန်းများဆွေးနွေးပို့ချပေးနေမှုအခြေအနေများကို လှည့်လှည်ကြည့်ရှု အားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ အဆိုပါသင်တန်းကို မတ် ၁၀ ရက်မှ ၃၁ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ဘားအံမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာရေးဆိုင်ရာ အဆောက်အဦများတွင် ရောက်ရှိတည်းခိုနေထိုင်ကြသော ကျောင်းသား၊ ကျောင်းသူ၊ မိဘ၊ ဆရာ၊ ဆရာမများအား သွားရောက်တွေ့ဆုံအားပေး၍ စားသုံးကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။
ထိုသို့တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘားအံမြို့ အမှတ်(၁၁)အခြေခံပညာ မူလတန်းကျောင်း၌ ရောက်ရှိတည်းခိုနေသော ကော့ရင်းကျေးရွာနှင့်ဖဲကတာကျေးရွာတို့မှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမ၊ မိဘအုပ်ထိန်းသူများ၊ အမှတ်(၄)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ရောက်ရှိတည်းခိုနေသော ဇာသပြင်ကျေးရွာနှင့်ကော့လမုကျေးရွာတို့မှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမ၊ မိဘအုပ်ထိန်းသူများ၊ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းတွင်ရောက်ရှိ တည်းခိုနေသော ကော့ရင်း(အောက်)ကျေးရွာနှင့် ဝဲကြီးကျေးရွာတို့မှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမ၊ မိဘအုပ်ထိန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးထား၍ ပြီးမြောက်အောင်မြင်စွာဖြေဆိုကြကာ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ကြပါစေကြောင်း အားပေးစကားများပြောကြားကာ ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ အစရှိသော စားသုံးကုန်ပစ္စည်းများကို အခမဲ့ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ကျောင်းသူများ တည်းခိုနေထိုင်ရာနေရာ ထိုင်ခင်း၊ လျှပ်စစ်မီး၊ သောက်ရေ၊ သုံးရေ၊ သန့်စင်ခန်း ပြည့်စုံလုံလောက်မှုရှိစေရေး၊ စိတ်အေးချမ်းသာစွာစာမေးပွဲ ဖြေဆိုနိုင်ရေးလှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပြီး ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၄)ခု၌ ကျောင်းသား၊ကျောင်းသူ ၃၉၅၂ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)