သဲကုန်း မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ Rice Export Zone ဆောင်ရွက်မည့် တောင်သူများအား စိုက်ပျိုးရေးစရိတ်နှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဝင်း၊မြို့နယ်စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးတင်ရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဝင်းက Rice Export Zone ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ရွှေမနောမြေကုမ္ပဏီလီမိတက်မှ ဦးမြတ်ထွဋ်အောင်က သဲကုန်းမြို့နယ်အတွင်း Rice Export Zone လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ရွှေမနောမြေကုမ္ပဏီလီမိတက်မှ နွေစပါးသီးနှံစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်နှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် Rice Export Zone ဆောင်ရွက်မည့် ကျေးရွာအုပ်စု (၃) စု၊ စိုက်ဧက (၅၀၀)ဧက၊ တောင်သူ (၈၁)ဦးအတွက် ရွှေမနောမြေကုမ္ပဏီလီမိတက်မှ စိုက်ပျိုးစရိတ်နှင့် သွင်းအားစု ဓာတ်မြေသြဇာများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)