ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲသို့တက်ရောက် ဖွင့်လှစ်

ပဲခူး မတ် ၁၀

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးမိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားသည် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် စည်းလုံးညီညွတ်မှုကိုဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းမှ အစပြုပြီး ဗီဇရင့်သန်သည့်အလားအလာရှိသော ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားကောင်းများပေါ်ထွက်လာနိုင်စေရေး၊ ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်အချိန်များကို အကျိုးရှိစွာ အသုံးချတတ်လာနိုင်စေရေးပင်ဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိသောလူတော်လူကောင်းများဖြစ်လာစေရန် ဆက်လက်ပြီးစဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည့် နွေ၊ မိုး၊ ဆောင်း နှစ်လုံးပေါက် အားကစားသင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး အားပေးပံ့ပိုးပေးသွားစေလိုကြောင်း၊ နွေရာသီ အခြေခံအားကစားသင်တန်းမှရရှိလာသည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကိုအခြေခံပြီး အဆင့်မြှင့်အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားပြီး တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသများဖြစ်သည်အထိ လေ့ကျင့်၊လေ့လာကြိုးစားသွားကြစေလို ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစား အထောက်အကူပြု ပစ္စည်းများအား ပေးအပ်ခဲ့သည်။

ထို့နောက် ကရာတေးအားကစားနည်း၊ မြန်မာ့သိုင်းအားကစားနည်းနှင့် Fitness Dance အားကစားနည်း တို့ဖြင့် သရုပ်ပြသကစားကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားနည်းအလိုက် သရုပ်ပြသကစားခဲ့သည့် အဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု ၂၀၂၆ ခုနှစ် ပဲခူးတိုင်းဒေသကြီး နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရာတွင် ဘောလုံး၊ အေရိုဗစ်၊ Fitness Dance ကရာတေး၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ တင်းနစ်၊ ကြက်တောင်စသည့် အားကစားနည်း()မျိုးကို ပဲခူးမြို့ရှိ သတ်မှတ်နေရာများဖြစ်သည့် ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၊ တိုင်းဒေသကြီး လူငယ်စင်တာ၊ တိုင်းဒေသကြီးအားကစားခန်းမ၊ ပုဏ္ဏားစုကျောင်းနှင့် ဟင်္သာတင်းနစ်ကွင်းစသည့်နေရာများ၌ အားကစားနည်းအလိုက်နေရာခွဲ၍ မတ်လ()ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)