ပန်းတောင်း မတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များနှင့် ရုံးဝန်ထမ်းများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အင်္ဂလိပ်စာအရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ သင်တန်းနည်းပြ ဆရာဦးဝဏ္ဏထွန်းနှင့် ဒေါက်တာဦးရဲမင်းဦးတို့မှ မိမိတို့၏ ဗဟုသုတအမြင်များ ကျယ်ပြန့်လာစေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတွင် ယုံကြည်မှုရှိစွာ ပြောဆိုဆက်သွယ်နိုင်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် အခြေခံအင်္ဂလိပ်စာသဒ္ဒါအသုံးအနှုန်းများ၊ နေ့စဉ်သုံးစကားပြောဆိုမှုပုံစံများ၊ အသံထွက်မှန်ကန်စေရန် လေ့ကျင့်မှုများနှင့် နားထောင်မှုစွမ်းရည် တိုးတက်စေမည့်သင်ခန်းစာများကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ရုံးဝန်ထမ်းများ တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ(၉)ရက်နေ့မှ မတ်လ(၁၃)ရက်နေ့ထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)