ညောင်လေးပင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ညောင်လေးပင် မတ် ၁၀

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းတို့ကို မတ်လ ၈ ရက်နေ့ မွန်းလွဲ(၁၃)နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန် သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကို ဖတ်ကြရန်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများ ဗဟုသုတရဖွယ် အသိပညာပေး အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အသိညာပေး နံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)