ကော့သောင်းမြို့ ဆလုံကျွန်းအနီး ငါးသယ်လှေတစ်စီးနစ်မြုပ်မှုဖြစ်ပွား

ကော့သောင်း ၊ ဇန်နဝါရီ ၁၁

ကော့သောင်းမြို့၊ အက်ဒမန်ပင်လယ်၊ ဆလုံကျွန်းအနီး   ဇန်နဝါရီလ ၉ ရက်နေ့ နံနက်၁၀နာရီခွဲ အချိန်က ငါးသယ်လှေတစ်စီး နစ်မြုပ်မှုဖြစ်ပွားရာ ကော့သောင်းရေကြောင်းရဲတပ်ဖွဲ့မှ အချိန်မီ ကူညီ ကယ်ဆယ်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့က လှေဦးစီး ဦးဇော်မင်းထွန်း(၄၀)နှစ် မောင်းနှင်ကာ လှေလုပ်သား(၆)ဦးဖြင့် အလျား ၆၀ပေ×အနံ ၁၆ပေ×ရေစူး ၆ပေ ရှိ ကျော်ဇေယျာ-၅၅ အမည်ရှိ သစ်သားခွံ ငါးသယ်လှေသည် ကော့သောင်းမြို့ မှ ရေခဲများတင်ဆောင်ကာ ထွက်ခွာလာရာ ကော့သောင်းမြို့ အနောက်ဖက် အက်ဒမန်ပင်လယ်၊ ဆလုံကျွန်း အနီးအရောက်တွင် လှိုင်းလေပြင်းထန်ကာ ရေထဲတွင်မြုပ်နေသည့် ကျောက်ဆောင်အားတိုက်မိကာ ရေဝင်နစ်မြုပ် ခြင်းဖြစ်ရာ ပင်လယ်အတွင်းကင်းလှည့်လျှက်ရှိသည့် ကော့သောင်းရေကြောင်းရဲတပ်ဖွဲ့ ရဲအုပ်အောင်ဇော်မျိုး ဦးဆောင်သည့်  ရဲရေယာဉ် "ရဲမန်အောင် ၃၃၄ နှင့် ရဲအုပ် ဇော်ဝင်းအောင် ဦးဆောင်သည့် ရဲရေယာဉ် အမှတ် ၀၁၆ ရေယာဉ်နှစ်စီးဖြင့် အချိန်မီ သွားရောက်ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လှေနစ်မြုပ်မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ လှေပေါ်ပါ ပစ္စည်းတစ်ချို့ပျက်စီးဆုံးရှုံးခဲ့ရပြီး လှေလုပ်သားများ အားလုံးကို အသက်အန္တရာယ်ဖြစ်ပေါ်မှုမရှိပဲ ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း ကော့သောင်း ရေကြောင်းရဲတပ်ဖွဲ့၏ သတင်းပေးပို့ချက်အရသိရသည်။

 ကျော်စိုး (ကော့သောင်း)