အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

လွိုင်ကော် မတ်

၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆုရထူးချွန်အမျိုးသမီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက “မင်္ဂလာရှိသောနေ့” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယနေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသမီးများအတွက် အထင်ကရနေ့ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပြီး ယခုအခမ်းအနားကို အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်မှုများကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်စေရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “တရားမျှတမှုနှင့် အခွင့်အရေးများရရှိရေး အမျိုးသမီးများအားလုံးအတွက် ဆောင်ရွက်ပေး” ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်ပြောင်မြောက်စွာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီးများကို နှစ်စဉ်စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းပေးလျက်ရှိသလို ပြည်နယ်အစိုးရ အဖွဲ့အနေနှင့်လည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံစွမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များကို ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုလက်မှတ်များ နှစ်စဉ်ချီးမြှင့် ပေးလျက်ရှိကြောင်း  စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားအတွက် ထောက်ပံ့ငွေပေးအပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး စစ်ရေးပြထူးချွန်ဆု၊ သင်တန်းသူစံပြဆုနှင့် လူရည်ချွန်ဆုရရှိခဲ့ကြသည့် ထူးချွန်အမျိုးသမီးများအား ဆုများ ဆက်လက်ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ထူးချွန်ဆုရရှိသည့် အမျိုးသမီးများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လူငယ်ရေးရာဦးစီးဌာနမှ ထောက်ပံ့သည့် အသက်မွေးဝမ်းကျောင်း ပညာသင်စရိတ်များကို သက်ဆိုင်ရာကိုယ်စားလှယ်များအား ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip  ပြသမှုအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ လွိုင်ကော်မူလတန်းကြိုကျောင်းနှင့် လွိုင်ကော်သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတို့မှ အကအဖွဲ့များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး ကပြဖျော်ဖြေသည့် အကအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)