မင်းဘူး မတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ပုဂံစစ်ကျေးရွာဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှကြားရေးမှူး ဦးကျော်ဇေယျက ပွင့်လင်းရာသီခြောက်သွေ့ကာလသို့ ရောက်ရှိလာပြီဖြစ်၍ တောမီးနဲ့အခြားမီးလောင်ကျွမ်းမှုတွေကြောင့် အန္တရာယ်ကြီးမားလှတဲ့ မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေ ဖြစ်ပွားနိုင်တဲ့ကာလဖြစ်ပါကြောင်း၊ မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်စေနိုင်ပြီး၊ အာဆီယံနိုင်ငံတွေမှာသာမက ကမ္ဘာ့နိုင်ငံတွေမှာပါ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးရွားတဲ့ပြဿနာတစ်ရပ်ဖြစ်နေပါကြောင်း၊ ဒါကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်ကို ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထားပြီး၊ တားဆီးနေကြသလို ကျွန်တော်တို့နိုင်ငံမှာလည်း မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေမဖြစ်ပေါ်စေဖို့၊ ထိန်းချုပ်လျှော့ချနိုင်ဖို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထိုအသိပညာပေးဟောပြောပွဲသို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျနှင့်အတူ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာသူရွာသားများ တက်ရောက်ခဲ့ကြပြီး မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇေယျာနိုင် (ရွှေကန်မြေ)