ရေတာရှည် မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီဆိုင်များအား စက်သုံးဆီများကို သတ်မှတ်စျေးအတိုင်း ရောင်းချစေရေး၊ ပုံးများပီပါများဖြင့် ရောင်းချပေးခြင်းမပြုကြရန်၊ စက်သုံးဆီများပြတ်လပ်မှုမဖြစ်စေရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ နေ့စဉ်ရောင်းချပြီးချိန်နှင့် လက်ကျန်အခြေအနေများ စသည်တို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များအား သွားရောက်ပြီး ပြည်သူများ စက်သုံးဆီ အဆင်ပြေစွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ခြင်တွယ်မှန်ကန်စွာ ရောင်းချနိုင်ရန်နှင့် မီးဘေးလုံခြုံရေးကို အထူးသတိပြုလိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)