မအူပင် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီက အခြေခံအင်္ဂလိပ်စကားပြောသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအား ကျင်းပပြုလုပ်သည်။
ဦးစွာမအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် နွေရာသီ ကျောင်းပိတ်ရက်များ၌ လူငယ်၊ လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေ၏ အကျိုးကျေးဇူးများ သိရှိလေ့လာပြီး ယခုတတ်ရောက်သည့် အခြေခံသင်တန်းများအား ဆက်လက်၍ လေ့လာလိုပါက မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် လေ့လာနိုင်ကြောင်းနှင့် ဌာနမှဖွင့်လှစ်သည့် သင်တန်းအား ပြီးဆုံးသည်ထိ စည်းကမ်းတစ်ကျ စိတ်ပါဝင်စားစွာ တတ်ရောက်ခဲ့ကြသည့်အတွက်များစွာ တင်ဝမ်းမြောက်ကျေးဇူးတင်ကြောင်း ပြောကြားပြီး ဆရာကြီးဦးစိုး(ပညာရေးငြိမ်း)မှ အင်္ဂလိပ်စကားပြော တတ်မြောက်ခြင်း၏ အကျိုးကျေးဇူးများ၊ ပန်းချီပညာ၏ အကျိူးကျေးဇူးများအား ရှင်းလင်း ပြောကြားသည်။ ယင်းနောက် အင်္ဂလိပ်စကားပြော သင်တန်းနည်းပြ ဆရာကြီးဦးဘိုထွေး(ပညာရေးငြိမ်း)မှ အခြေခံအင်္ဂလိပ် စကားပြောသင်တန်းမှသည် ဆက်လက်လေ့လာဆည်းပူးနိုင်ကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းနှင့် ပန်းချီပညာသင်တန်းအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်း၌ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့သင်ကြားကို့ချပေးခဲ့ပြီး သင်တန်းနည်း ပြဆရာများအား လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတို့မှ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်