မြဝတီ မတ် ၄
ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း Online လိမ်လည်မှုလုပ်ငန်းများပပျောက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်၌ အမှတ် (၅) ရပ်ကွက်၊ အောင်မင်္ဂလာဓမ္မာရုံ၌ အွန်လိုင်းလိမ်လည်မှု နှိမ်နှင်းရေးလုပ်ငန်းများကြီးကြပ်ရေးကော်မတီဝင်များပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ မြို့နယ်ဥပဒေ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးထူးထက်အောင်၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁)ရဲအုပ်နိုင်ထွန်း၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ရပ်ကွက်နေ ပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၂) ဦးစိန်သောင်းက Online လိမ်လည်မှု ဝေါဟာရအနက်အဓိပ္ပါယ် ဖွင့်ဆိုချက်များကိုလည်းကောင်း၊ လူမှုဝန်းကျင်တွင် ဖြစ်ပွားနေသည့်online လိမ်လည်မှုဖြစ်စဥ်များ၊ ဒုစရိုက်လုပ်ငန်းအမျိုးအစားများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က လတ်တလော ဖြစ်ပွားနေသည့် (online) လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှုဖြစ်စဥ် အကြောင်းအရာများ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို လည်းကောင်း၊ သတိပြုဆင်ခြင်ရမည့်အချက်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံး၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးထူးထက်အောင်က (online) လိမ်လည်မှု လုပ်ငန်းများ စတင်အမြစ်တွယ် ပျံ့နှံ့ရခြင်း အကြောင်းအရာများ၊ လတ်တလောဖြစ်ပွားနေသည့် online လိမ်လည်မှု ပြဿနာဖြစ်စဥ်များနှင့် ကြုံတွေ့နေရသည့် ဆုံးရှုံးမှုများနှင့်အရေးယူအပြစ်ပေးချမှတ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေပုဒ်မများ၊ သတိပြုကာကွယ်ရမည့်အချက်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ် (၁) ရဲအုပ်နိုင်ထွန်းက Online မှတစ်ဆင့် လူကုန်ကူးမှု၊ လိမ်လည်မှု၊ ငွေကြေးလိမ်လည်မှုနှင့်သွေးဆောင်မှု ဖြစ်စဥ်များနှင့်သတိပြုဆင်ခြင်ရမည့်အချက်များကိုလည်းကောင်း၊ အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး အသိပညာပေးဟောပြောပွဲ တက်ရောက်လာကြသည့် ရပ်ကွက်နေ ပြည်သူများကို (online) လိမ်လည်မှုလုပ်ငန်းပပျောက်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသပေးခဲ့ပြီး၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ ရဲအုပ်နိုင်ထွန်းက အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ