ဖရူဆို ဇန်နဝါရီ ၁၁
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့မဈေးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ကုန်များ၊ ဆေးဝါးများနှင့် အလှကုန် ပစ္စည်းများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး အတွက် ယနေ့ နံနက်ပိုင်းက အစားအသောက်နှင့် ဆေးဝါး ကြီးကြပ် ကွပ်ကဲရေးဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေအင်ကြင်းလွင်၊ မြို့နယ် အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသောက်ကုန် ပစ္စည်းများ၊ အလှကုန်ပစ္စည်း များနှင့် ဆေးဝါးပစ္စည်းများတွင် စားသုံးသူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရေးအတွက် ကုန်ပစ္စည်းတွင် ပါဝင်ရမည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် သုံးစွဲပုံ သုံးစွဲနည်းအညွှန်းများ ပါရှိစေရေး အသိပညာပေး ဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် မြို့မဈေးတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများတွင် တားမြစ်ဆိုးဆေး ပစ္စည်းများ၊ တားမြစ်တာရှည်ခံ ပစ္စည်းများ ပါဝင်မှုမရှိစေရေးအတွက် စားသောက်ကုန်ပစ္စည်း(၁၉)မျိုး နမူနာ ကောက်ယူခြင်း၊ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် စစ်ဆေးမှု ဆောင်ရွက် ခြင်း၊ တားမြစ်ပစ္စည်းများ ပါဝင် သည့် အလှကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆေးဝါးများရောင်းချရာတွင် သက်တမ်းလွန် ဆေးဝါးများ မဖြစ်စေရေး၊ ကုန်ပစ္စည်းအညွှန်းအမှတ်အသားတံဆိပ်များ ပြည့်စုံမှန်ကန်မှုရှိစေရေး အတွက် ကွင်းဆင်း စစ်ဆေး ပြီး တားမြစ် ဆိုးဆေးပါဝင်သော စားသောက်ကုန်တစ်မျိုးနှင့် သက်တမ်းလွန် ဆေးဝါး တစ်မျိုးကို မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)