ဖြူး မတ် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ မီးရထားသံလမ်းနှင့်နီးသော ဒေသခံပြည်သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား မီးရထား/သံလမ်းများ အနှောက်အယှက်မပေးရေး၊ ခဲဖြင့်ပစ်ပေါက်မှုထပ်မံမရှိစေရေးနှင့် ဥပဒေပြစ်ဒဏ်များအား ရှင်းလင်းခြင်းကို မတ်လ (၆) ရက်နေ့၊ မွန်းလွဲ (၁) နာရီခွဲက အ.ထ.က (၁) ကျောင်း၌ အသိပညာပေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့သို့ အသိပညာပေးတွေ့ဆုံဆွေးနွေးရာတွင် ရန်ကုန်- ပဲခူး- ဖြူး-တောင်ငူ- နေပြည်တော်သို့ (၂၈.၁၀.၂၀၂၅) ရက်နေ့တွင် ထွက်ခွာလာသည့် အမှတ် (၇) အဆန် DEMU ဂျပန်အမြန်ရထားသည် ဖြူးလမ်းပိုင်းအရောက် ကြွေပြားအပိုင်းအစဖြင့် ပစ်ပေါက်ခံရ၍ မှန်ချပ်ပျက်စီးခဲ့မှုအပေါ် ထပ်မံမဖြစ်ပွားရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ အဖွဲဝင် (၁) ဗိုလ်မှူးဇော်မျိုးနောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်စိုးဝင်း၊ ကညွတ်ကွင်းမီးရထား ရုံပိုင်ကြီးတို့သည် မီးရထား/ မီးရထားသံလမ်းနှင့် ပတ်သက်သည့် လိုက်နာရမည့်အချက်များအား ချပြဆွေးနွေး၍ ဆောင်ရန်/ ရှောင်ရန် အချက်များ၊ ဥပဒေပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)