မိုးကောင်းသောက်ဒေသရှိ ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ခင်းများ အရောက် ကွင်းဆင်းဆောင်ရွက်

ရွှေဘို ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ မိုးကောင်းသောက်ဒေသရှိ ကြက်သွန်နီစိုက်ဧက (၁၃၀၀) ကျော်ရှိပြီး  အောင်မြင် ဖြစ်ထွန်းရေး အတွက် စိုက်ခင်းများအရောက် ယနေ့ နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရွှေဘိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကြက်သွန်နီစိုက် တောင်သူများအနေဖြင့် ဓာတုပိုး သတ်ဆေး အလွန်အကျွံသုံးစွဲခြင်းကြောင့် ကုန်ကျစရိတ်များစွာပိုမိုကုန်၍ အဆိုပါ ဓာတုပိုးသတ်ဆေး ဓါတ်ကြွင်း‌များကြောင့်  စားသုံးသူများအတွက် ဘေးအန္တရာယ်များ ဖြစ်ပေါ်စေကြောင်း နှင့် မြေဆီလွှာများလည်း ပျက်စီးသောကြောင့်   မိမိတို့စိုက်ခင်းများတွင် ဓာတုပိုးသတ်ဆေး အစား သဘာဝ ပိုးသတ်ဆေး၊ သဘာဝပိုးနှင်ဆေးနှင့် သဘာဝ ဓာတ်မြေဩဇာများကို သုံးစွဲကြရန်၊ သဘာဝပိုးနှင်ဆေး၊ သဘာဝပိုး သတ်ဆေးနှင့် သဘာဝဓာတ်မြေ ဩဇာများသည် လူနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ကုန်ကျစရိတ် သက်သာမှုရှိ​စေရေးတို့ကို ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကြက်သွန်နီစိုက်တောင်သူများအား သဘာဝပိုးသတ်ဆေးပြုလုပ်နည်း အဆင့်ဆင့် များကို ပြောကြားခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ဆေးရွက်ကြီး၊ တမာရွက်၊ ဆင်တုံးမနွယ်၊ တင်လဲရည်နှင့် EM တို့ဖြင့်ပြုလုပ်ထားသော သဘာဝပိုးသတ်ဆေး များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထွန်းမြင့်အောင်(ရွှေဘို)