ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကြံခင်း မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီ(အခမဲ့) အခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့မအားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ၊ အားကစားချစ်မြတ်နိုးကြသော ပရိသတ်များ စုစုပေါင်း ၁၅၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားစိတ်ဓာတ်များ ပိုမိုသက်ဝင်ယုံကြည်လာစေရန်၊ တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရေး  ဦးတည်ချက်ကို အလေးထားဆောင်ရွက်လျက်ရှိကာ မြန်မာ့အားကစားအဆင့်အတန်း မြင့်မားလာစေရန်၊ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများစွာ ရရှိရေးအတွက် တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးများအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချပြီး မိမိတို့ဝါသနာပါရာ အားကစားတွေကို သေချာစွာ လေ့လာလိုက်စား၍ သင်တန်းပြီးဆုံးသည်အထိ ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက Aerobic & Fitness Dance  အကတို့ဖြင့် ဖျော်ဖြေကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ ကရာတေးနှင့် Fitness Dance အားကစားနည်း ၅ မျိုးပါဝင်ပြီး သင်တန်းကာလမှာ ၆-၃-၂၀၂၆ ရက်နေ့မှ ၆-၄-၂၀၂၆ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ၁၀ နာရီခွဲအထိလည်းကောင်း၊ နေ့လယ် ၂ နာရီမှ ၄ နာရီအထိလည်းကောင်း၊ ညနေ ၃ နာရီမှ ၆ နာရီထိ ဘာသာရပ်အလိုက် စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)